“ ခေါင်းခါဆေး. . . ”


“ ခေါင်းခါဆေး. . . ”
ဒီအကြောင်းအရာကို ရေးချင်နေတာ ကြာပါပြီ။ တိတိကျကျ ပြောရရင် ၂၀၁၂ သင်္ကြန်မှာစခဲ့တာပါပဲ။ တစ်ချိန်က သိတ်မကြာခင် နှစ်များအထိ မြန်မာနိုင်ငံမှာ မြန်မာအမျိုးသမီးများ အများစုဟာ မူးယစ်ဆေး ဆိုတာဝေးစွ ဘီယာဆိုင် ဆိုတာ ကိုယ်နဲ့ လားလားမှ မသက်ဆိုင်သလို နေလာခဲ့ကြတာပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စပြီး တစ်စ တစ်စနဲ့ မိန်းကလေးတွေ ဘီယာဆိုင် ထိုင်လာကြတယ်။ ခေတ်မီတယ် ဆိုတဲ့ အတွေး ခံယူချက်နဲ့ “၀ိုင်” ဆိုတဲ့ အပျော့စား အရက်ကို သောက်သုံးလာကြတယ်။ အထူးသဖြင့် သင်္ကြန် ဆိုတဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော်မှာ မိန်းကလေးတွေ အပျော်သဘောနဲ့ ဘီယာ၊ ၀ိုင် ၊ အရက် စသဖြင့်ကို ပေါ်ပေါ် ထင်ထင် သောက်သုံးလာကြတယ်။
မိန်းကလေးများ အရက်သေစာ သောက်သုံးလာကြခြင်းကို တစ်ဖက်နိုင်ငံမှဖြေဖျော်ရေး လုပ်ငန်းတစ်မျိုး ဖြစ်တဲ့ စားသောက်ဆိုင်များမှာ စင်တင်ဂီတ ဖျော်ဖြေပွဲက စတာပါပဲ။ အစပိုင်းတော့ သာမန်ဖျော်ဖြေမှု နောက်တော့ တဖြည်းဖြည်း သဘောကျတဲ့ အဆိုရှင်ကို ပန်းကုန်းစွတ်ရင် ထိုအဆိုရှင်က ပန်းကုန်းစွတ်သူထံ လာရောက် ဧည့်ခံရတယ်။ အဲဒီမှာ ဆိုင်ရှင်ရောင်းအားတက်စေရန်နှင့် ဖောက်သည် ဖြစ်စေရန် ကိုယ်ကပါ ရောမှာ ရောသောက် ရင်း အရက်သေစာ စတင်သောက်စားလာကြတယ်။
 
ယခုအချိန်မှာတော့ စင်တင်ကို ကေတီဗွီက ကျော်တက်သွားပါပြီ။ ကေတီဗွီဟာလည်း အစပေါ်ကာစတော့ သာမန်အပန်းဖြေမှု သက်သက်ပါ။ အခုတော့ ကေတီဗွီမယ် တစ်ဖြစ်လည်း အမျိုးသမီး အဆိုရှင် ဆိုသူတွေနဲ့ အမှောင်ခန်းမှာ သောက်စား မူးရူးပျော်ပါးဖို့ လိုင်စင်နဲ့ ဖွင့်ပေးလိုက်သလိုပါပဲ။ ထိုကေတီဗွီ နိုက်ကလပ် များတွင် အမျိုးသမီးများ အရက် ဘီယာ ထက်ပိုပြီး မူးယစ်ဆေးတွေပါ သောက်စားဖို့ အခွင့်အရေး ရသလို ဒီလိုအပြုအမူ ကြောင့်လည်း မိမိကိုယ်ကို ရှက်ရမှန်း ကြောက်ရမှန်း မသိကြတော့ပါဘူး။ သာမန် လုပ်ရိုးလုပ်စဉ် တစ်ခုလို မထူးဆန်းတော့တဲ့ အတိုင်းပြုမူနေကြပါတယ်။ အမျိုးပျောက်မှာ စိုးကြောက်ကြသူတိုင်း မည်မျှပင် အော်အော် ကေတီဗွီ၊ စင်တင်၊ နိုက်ကလပ်နှင့် မာဆတ် အဆုံး ဖျော်ဖြေရေးအမည်ခံ ဆောင်ကြာမြိုင်တို့က ပန်းပန်လျှက်ပါပဲ။
ဒီနေရာမှာ တစ်ညတာ ပျော်ပါးဖို့ အနည်းဆုံး သုံးသောင်းကျပ်တော့ အကုန်ခံရပါမယ်။ လူငယ်ဆိုတာ အပျော်အပါး မက်သူပီပီ ထိုငွေကို သုံးစွဲဖို့ လိုအပ်လာလျှင် ရတဲ့နည်းနဲ့ ရှာကြတော့တယ်။ ရာဇ၀တ်မှု ကျူးလွန် သူတိုင်း ကုန်သွားတဲ့ သုံးဖြုံးခဲ့တဲ့ နေရာဟာ ဒီနေရာတွေမှာပါပဲ။ မိသားစု စားဖို့ ၃၀၀၀ ကျပ်ကို လောက်ငှအောင် အိမ်ရှင်မက ချွေတာနေချိန်မှာ ကိုယ့်အိမ်ထောင်ဖက်က ကေတီဗွီမယ်၊ စင်တင်မယ်လေးတွေကို သုံးသောင်းဖိုး အကုန်အကျခံ ဧည့်ခံဖို့ရာ လက်မတွန့်ပါဘူး။
( အပြောင်းအလဲလို့ပဲ ပြောပြော ခေတ်ရေစီးကြောင်းလို့ပဲ ပြောပြော ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့တော့ မိန်းကလေးများ မူးယစ်ဆေးဝါး အလွယ်တကူ တလွဲသုံးစွဲနေကြသည်ကို လက်မခံနိုင်ပါ) စင်တင်မယ်လေးမှ စိတ်ကြွဆေး ဖြန့်ဖြူးခြင်းကိုလည်း ဖမ်းဆီးမိသည့် သတင်းကိုလည်း ဖတ်ခဲ့ဖူးပါသည်။ WY ဆေးပြား၊ ယင်းမှ တစ်ဆင့်တက်၍ ICE ခေါ် ရေခဲနှင့် မြင်းတစ်ကောင်ကဲ့သို့ သွက်လက်လှုပ်ရှားနိုင်သဖြင့် “ရာဘ” ခေါ် မြင်းဆေး တွင်ကျယ်လာပြန်သည်။ ဒီထက် တစ်ဆင့်မြင့်တက်ကာ အက်ဖီတမင်း အနွယ်ဝင်ဖြစ်သည့် Estacy ကို ထုတ်လုပ်လာပြန်ရာ သောက်သုံးပြီးပါက တက်ကြွလမ်းဆန်းရုံသာမက တစ်ကိုယ်လုံးရော ခေါင်းပိုင်းပါ လှုပ်ရှား လာကြသဖြင့် “ခေါင်းခါဆေး” လို့ ခေါ်ကြပြန်ပါတယ်။ တစ်ချို့နိုက်ကလပ်များတွင် ခေါင်းခါဆေးပြားများ သုံးစွဲနေသည်မှာ ကြာလှပြီဖြစ်ပါသည်။
၂၀၁၂ သင်္ကြန်တွင် အမျိုးသမီးများ အရက်သေစာ သောက်စားရုံသာမက မလုံတလုံ ၀တ်စားဆင်ယင်ကာ ယဉ်ကျေးမှု ပျက်ယွင်းစွာ ကခုန်နေကြခြင်း၏ နောက်ကွယ်တွင် စိတ်ကြွဆေးများ သုံးစွဲကြသည်ကိုတော့ သတိထားမိသူ နည်းပါလိမ့်မည်။ ဖိထားသော စပရိန်ကို လွှတ်လိုက်သလို ခုန်ထွက်သွားတဲ့ လွတ်လပ်မှုရဲ့ နောက်ဆက်တွဲပြဿနာတွေဟာ အချိန်မီ မတားဆီးရင် တဖြည်းဖြည်း လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံရဲ့ မူလပုံရိပ်ကို တစ်စတစ်စ ၀ါးမျို သွားပါလိမ့်မယ်။ ဆင်းရဲခြင်းမှာ စိတ်အလိုလိုက်ပြီး ဆင်းရဲခြင်းက ဘယ်တော့မှ ပြည့်စုံတယ် မရှိပါဘူး။ စိတ်အလိုလိုက်ပြီး မကောင်းမှုကို အကောင်းထင်ပြီး လုပ်နေသမျှ ကာလပတ်လုံး မိမိကိုယ်တိုင်သာမက မိမိ ပတ်ဝန်းကျင် ၊ မိသားစု အတွက်ပါ ဆင်းရဲခြင်း ဆိုတာ ခံစားနေရမှာပါပဲ။
( လေရူးသုန်သုန်နှင်းမှုန်မှုန်နှင့် စိတ်၏စေရာစာစုများ၊ ဒေါက်တာဝင်းဆွေ ၏ စာအုပ်ကို လက်ဆောင်ပေးသော မိတ်ဆွေအား ကျေးဇူးတင်ပါသည်။ ဒေါက်တာ ၀င်းဆွေ၏ စာအုပ်ပါ အချက်အလက် အချို့ကို အခြေခံပြီး လက်တွေ့ ဖြစ်စဉ်များကို စုစည်းတင်ပြပါသည်)