ဤဇာတ်လမ်းပါ အဖြစ်ပျက်များသည် စာရေးသူ၏ စိတ်ကူးသက်သက်မျှသာ ဖြစ်ပါသည်။ အမှန်တစ်ကယ်ဟုမထင်မြင်မယူဆစေလိုပါ။ မည်သည့်ဘာသာရေး၊ လူမှုရေး၊ ကိုးကွယ်ယုံကြည်မှုများကိုမှလည်း ရည်ရွယ်လိုရင်းမရှိပါ။ အပျင်းပြေ၊ အတွေးအခေါ် အယူဆသက်သက်မျှသာ ဖြစ်ပါကြောင်း။ ဖတ်၍ကောင်းပြီး သဘောကျသည်ဆိုပါလျှင် ကျနော် ကြိုးစားရကြိုးနပ်ပြီဖြစ်ပြီး၊ သဘောမကျပဲ လိုအပ်တာများရှိခဲ့မည်ဆိုပါလျှင် စာရေးသူ ကျနော့်အပြစ်သာ ဖြစ်ပါကြောင်း…။
(credit to အချစ်တက္ကသိုလ်+အတွေးပင်လယ်ပြာ)
badboy2
ဇာတ်လမ်းအစ။
ပဲခူးတိုင်းဒေသကြီး၊ () မြို့နယ်၊ () ကျေးရွာအုပ်စု၊ မည်သော ကျေးရွာလေးတစ်ရွာတွင် အောက်ပိုင်းမသန်၊ ချိနဲ့နေရှာသော မိခင်မုဆိုးမကြီးကို လုပ်ကိုင်ကျွေးမွေးနေသော ပေါတောတော၊ အူကြောင်ကြောင်နှင့် ဖိုးထူး ဟုအမည်ရသော လူငယ်လေးတစ်ယောက် ရှိလေသည်။ ဖိုးထူးသည် မိခင်အိုကြီးကို ရရစားစား ဘ၀ဖြင့် လုပ်ကိုင်ကျွေးမွေးနေရာမှ၊ ရွာခံလူကြီးများ၏ ကြည့်ရူစောင်မမှုကြောင့်၊ သစ်ခွဲစက်တစ်ခုတွင် အလုပ် အတည်တကျ ရရှိသွားလေတော့သည်။ သို့ပေသော်ငြားလည်း ကံကြမ္မာ၏ တိုက်ခိုက်မှုကြောင့် ၄င်းတို့နေထိုင်ရာ ရွာစုလေးတွင် မီးဘေးအကြီးကျယ်လောင်ရာ၊ ဖိုးထူးလည်း မီးဘေးအတွင်း ကျရောက်နေသော မိခင်အိုကြီးကို ၀င်ရောက်ကယ်တင်ရာမှ၊ ၄င်းတို့ သားအမိ၂ဦးလုံး မီးအတွင်း ပါသွားခဲ့ရလေတော့သည်။
*** *** ***
အမှောင် ... တစ်လောကလုံးအမှောင်စိတ်တို့သည် ဘယ်နေရာဘယ်ဆီရောက်နေမှန်းမဆိုထားနှင့် လက်ရှိ မိမိကိုယ်တိုင်ဟု ဆိုသော ဤကိုယ်ခန္ဒာ ဤရုပ်ကိုပင် မမြင်ရ၊ စိတ်မှ သိသောအသိကြောင့်သာ၊ ဒီနေရာက လက်၊ ဒီနေရာကခြေထောက်၊ ဒီနေရာက ဦးခေါင်း စသည်ဖြင့်သာ ခန့်မှန်းမိရုံရှိသည်။
အမှောင်ထဲ မမြင်ရမှန်းသိရက်နှင့် လက်များကို ထောင်၍ကြည့်မိသည်။ အသိစိတ်ဟု ဆိုရသော သတိတို့ကို စုစည်းကာ ဖြစ်ခဲ့သမျှကို ပြန်စဉ်းစားကြည့်မိလေသောအခါ အမေ၊ အမေဘယ်ဘယ်မှာလဲအမေ.။
အမေ ဘယ်ရောက်သွားပြီလဲ။ သူ မီးထဲအတင်းဝင်ပြီး အမေ့ကို ပွေ့လိုက်တာ မှတ်မိနေသည်။ အမေ့ကို အပွေ့၊ ၀ုန်းကနဲ အသံနှင့်အတူ သူ ဘာမှမသိတော့၊ ယခုမှ ပထမဦးဆုံးအကြိမ် သတိရလာခြင်း ဖြစ်သည်။ သူ အာခေါင်ကို ခြစ်ကာ အသံကုန်အော်လိုက်မိသည်။ အမေရေ...၊ အမေ ...။
မှောင်မဲနေသော အခန်းထဲ လျှပ်စစ်မီး မဟုတ်သေး။ ဟိုမြို့မှလာပြသော ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို သူ့ကိုယ်ပေါ်ပဲ ကွက်ပြီး ကျလာသော အောက်လင်းမီးမျိုး၊ ဒါကို ဆလိုက်မီးဟု ခေါ်သည်ကို ဘကြီးဆိတ်ဖွား သူ့ကို ပြောဖူးသည်ကို သူသတိရမိသည်။ ယခု အဲလိုဆလိုက်မီးမျိုး သူ့ကိုယ်ပေါ်ကွက်ပြီး ကျလာကာ လင်းသွားသည်။
သူ လေးဖက်ထောက်အနေအထားမှ၊ မတ်တပ် ထရပ်လိုက်သည်။ နောက်မျက်လုံးကို ကျိန်းမတတ် လင်းနေသော အလင်းရောင်ရှိရာသို့ လက်ကို ကာရင်း မော့ကြည့်လိုက်မိသည်။ ဘာမှမမြင်ရ ဖြူသည်လည်းမဟုတ်၊ ၀ါသည်လည်းမမည်သော အလင်းရောင်နောက်ကွယ်ကို သူမတွေ့ရ။
ထိုစဉ် သူ့အရှေ့ဘက် အပေါ်အနေထားမှ နံရံ၊ နံရံလည်း မဟုတ်သေး။ လေဟာပြင်ပေါ်တွင် ရုပ်ရှင်ပိတ်ကားလိုမျိုး အဖြူရောင် ပြင်ကြီးတစ်ခုပေါ်လာတာ၊ သူတွေ့လိုက်ရသည်။ သူ အာရုံစိုက်ပြီး ကြည့်နေမိစဉ် အမတန် ဖြူလွသော အ၀တ်စားဖြင့် လူကဲ့သို့ပုံရိပ်တစ်ခု ရပ်လာတာတွေ့ရသည်။ သူ အနည်းငယ် အားတက်သွားမိသည်။ တစ်ခုခုပြောလိုက်ချင်သည်။ မေးလိုက်ချင်မိသည်။ ဒါပေမဲ့ အာစေးထည့်ထားခြင်းခံရသလို၊ သူ့ပါးစပ်တို့ လှုပ်ရှား၍မရ။
“မင်းနာမည် ဖိုးထူးနော် ဟုတ်လား”
အဝေးမှ ပဲ့တင်သံလိုလို၊ ဒါပေမဲ့ နားနားကပ်ပြီး လာမေးသလို ကြည်လင်ပြတ်သားစွာ ကြားလိုက်ရသည်။
“မင်းနာမည် ဖိုးထူး၊ ပဲခူးတိုင်း(...)ရွာက ဟုတ်လား။ ”
သူ့နာမည်တော့ မှန်သည်။ ဒါပေမဲ့ တိုင်းဒေသလည်း မှန်သည်။ ဒါပေမဲ့ ရွာ ... သူနေသောရွာ မှားနေသည်။
သူ ပြန်ဖြေဖို့ ကြိုးစားလိုက်သည်။ ခုနကလို ပါးစပ်က ဟလို့မရ။ သူ စကားပြောလို့ရအောင် ထပ်ကြိုးစားကြည့်သည်။ မရ။ သူ့တစ်ကိုယ်လုံး ထူပူလာသလို ခံစားလာရသည်။ အသံရှင်မှ
“မင်းကို မေးနေတယ်လေကွာ၊ ဟုတ်လားဖြေလေ၊ ငါအချိန်မရှိဘူး”
သူကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်လာသည်။ သူ စကားဘယ်လိုမှပြောလို့မရ။ အသံရှင်၏ အရိပ်အနည်းငယ် ရှေ့သို့ တိုးလာသည်ဟု ထင်သည်။
“အော် အေးငါမေ့သွားလို့၊ ပါးစပ်ကမပြောနဲ့၊ ပြောချင်တာစိတ်ထဲက ပြောလိုက်”
ဖိုးထူး အံ့သြသွားသည်။ စိတ်ထဲက သူစိတ်ထဲမှာ သံယောင်လိုက်ပြီး ပြောမိသွားသည်။
“အေးဟုတ်တယ်အဲဒီလို၊ စိတ်ထဲကပြော”
ဖိုးထူးအရမ်းအံ့သြသွားသည်။ သူစိတ်ထဲပေါ့ပါးသွားသလိုလည်းခံစားလိုက်ရသည်။
“မဟုတ်ဘူး ... မဟုတ်ပါဘူး”
ခုနက သူပြောချင်သော စကားတို့ စိတ်ထဲမှ အားပါးတရ ကျယ်လောင်စွာထွက်သွားသည်။
“ဟေ့ကောင် အဲလောက် အကျယ်ကြီး အော်မပြောနဲ့ကွ ငါနားလေး မဟုတ်ဘူး၊ ဘာမဟုတ်တာလဲ လဖွတ်”
သူ စိတ်ထဲမှပဲ ပြန်ရှင်းပြမိသည်။
“နာမည် ... နာမည် ဟုတ်ပါတယ်၊ ကျနော့်ရွာ ... ရွာမှားနေပါတယ်”
“ဘာ ... ဘာပြောတယ် ရွာမှားနေတယ်၊ ဟုတ်လား၊ ပြသာနာပဲ အလုပ်ကရှုတ်ဦးမယ် လဖွတ်ပဲ”
“ပြောစမ်း မင်းက ဘယ်ရွာကမို့လဲ”
“ကျ ... ကျနော်က() ရွာကပါဗျာ”
သူ ရိုးရိုးကျိုးကျိုး ဖြေလိုက်တော့ အသံရှင် အနည်းငယ် ကျေနပ်သွားသည့်ပုံဖြင့်
“နေဦး ငါပြန်စစ်လိုက်ဦးမယ်”
အသံရှင် လက်ထဲသို့ အလင်းရောင်တောက်ပနေသော ပစ္စည်းလေးပေါ်လာတာ သူ မှုန်ဝါးဝါး လှမ်းတွေ့နေရသည်။
“ဟာ ဒီဇရက်ကတော့ လုပ်ချလိုက်ပြန်ပြီ၊ လူမှားခေါ်ချလာပြန်ပြီ လဖွတ်ပဲ”
အသံရှင် ဘာတွေပြောနေလဲ သူမကြားရ။ သူ အသာစိတ်ထဲမှ အတန်းတင်ပေးခြင်းခံရမည့် ကျောင်းသားတစ်ယောက်လို၊ အသာနားစွင့်နေလိုက်သည်။ ခဏမျှကြာတော့၊
“မင်း ခဏနေဦး၊ ငါ သွားပြီး အထက်နဲ့ စကားပြောလိုက်ဦးမယ်”
ဖြတ်ကနဲ သူ့ရှေ့မှ အသံရှင်ပျောက်သွားသည်။ ဖိုးထူး ဘာလုပ်ရမှန်းမသိ၊ မတ်တပ်ရပ်နေရာမှ တင်ပျဉ်ခွေနေရာမှာပဲ ထိုင်ချလိုက်သည်။
ကွမ်းတယာ ညက်လောက်အကြာခန့်ဟု ယူဆရမည်။သူ့ခေါင်းပေါ် ကောင်းကင်ယံတွင် အရောင်မျိုးစုံတို့ ပြိုးပြိုးပျက်ပျက် လင်းလာတာကို တွေ့လိုက်ရသည်။ တဆက်တည်း သူ့ဘေးသို့ တစ်စုံတစ်ခု ပြုတ်ကျလာသလို
“ဗုန်း အမလေးဗျ အားသေပါပြီ”
ခုနက အသံရှင် အသံပြန်ကြားလိုက်ရသည်။
“ပဲခူးတိုင်းဒေသကြီး(...)ရွာက ဖိုးထူး မင်းနဲ့ ဒီနေရာနဲ့ မပတ်သက်ဘူး၊ မင်းကို သွားရမဲ့နေရာ ခုခေါ်သွားလိမ့်မယ်၊ မျက်လုံးကို မှိတ်ထား၊ လုံးဝမဖွင့်ပါနဲ့၊ ဖွင့်လို့ ပြောတဲ့အသံကြားမှ ဖွင့်ပါဟုတ်ပြီနော်”
“လဖွတ်ပဲ အလုပ်ကရှုတ်ဦးမယ်၊ ဒီအရက်သမားက ဘယ်နှယ့်အပေါ် ရောက်သွားရတယ်လို့ ချီး”
အသံရှင်၏ ရေရွတ်သံများကို သူ ကြားနေစဉ်၊ သူ့လက်တစ်ဖက်တစ်ချက်ကို လူ၂ယောက် လာဆွဲကိုင်သလို ခံစားလိုက်ရပြီး စိတ်ထဲသို့
“မျက်စိပိတ်ထား၊ ဖွင့်ဆိုမှ ဖွင့်နော်” ဟု အသံကြားလိုက်ရပြီး သူ့တစ်ကိုယ်လုံး လွင့်ကနဲ အေးကနဲ ဖြစ်သွားတာ သူသိလိုက်သည်။ နောက်ဘာမှ မသိတော့ စိတ်ထဲ ခြားရဟတ် စီးနေရသလို သူ့အသိစိတ်တွေ ကိုယ်နှင့် ဝေးကွာသွားတာတော့ မှတ်မိလိုက်သည်။
ဒုတိယအကြိမ်မြောက် အမှောင်။ ဒါပေမဲ့ ဒီတစ်ခါ အမှောင်က နုးညံ့အိသက်သောအမှောင်။
စိတ်ထဲမှာ ရပ်သွားသည်ဟု ထင်လိုက်သည်။ နားထဲမဟုတ်သေး၊ စိတ်ထဲမှ အသံကြားလိုက်ရသည်။
“ရပြီ မျက်စိဖွင့်တော့ဖွင့်လို့ရပြီ”
ဖိုးထူး မရဲတရဲ မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်သည်။ မျက်စိတို့က ခွဲစိတ်ခန်းမှ ပထမဆုံးပတ်တီး စဖြည်သော လူကဲ့သို့ အရာအားလုံး ၀ိုးတ၀ါး ဖြစ်နေသည်။ ဘေးဘီ ၀ဲယာကို ကြည့်မိသည်။ ၀ိုးတ၀ါးအရိပ်များကို မသဲမကွဲမြင်ရသည်။
ထိုစဉ် အသံတစ်သံက သူ့ရှေ့ထည့်တည့်မှ ထွက်ပေါ်လာသည်။
“ပဲခူးက မောင်ဖိုးထူး ရောက်လာပြီကိုး”
အသံလာရာသို့ ဖိုးထူးလည်း မျှော်ကြည့်လိုက်သည်။ ရင်ဘတ်ထဲမှာလည်း ရွာက မီးတောက်ချက်အရက် သောက်ထားသလို ပူလောင်နေသလို၊ နွေးထွေးနေသလို ခံစားနေရသည်။ အထူးသဖြင့် ပတ်ဝန်းကျင်ကအနံ့၊ ခံစားနေရသော ခံစားမှုတို့က နူးညံ့နေသည်ဟု ထင်မိသည်။
“မောင်ဖိုးထူး တွေးနေတာတွေ အားလုံးရပ်လိုက်ပါ၊ အင်းလေ သိပ်မကြာခင်မှာပဲ မေ့သွားမှာပါ”
အသံရှင်မှ သူ့ကိုလှမ်းပြောနေသလို တစ်ယောက်ထဲရေရွတ်နေသလို၊
ဖိုးထူး စိတ်ထဲမှာ ဘာကိုမှန်းမသိ ခံစားနေရသည်။ ဒါ ဘယ်နေရာလဲ၊ ငရဲဆိုတာလား၊ ဒါမှမဟုတ် နတ်ပြည်ဆိုတာလား၊ ရင်ထဲမှာ အတွေးမျိုးစုံတို့ ရေပွက်များလို ပလုံစီနေသည်။
အသံရှင်မှ
“မောင်ဖိုးထူး ဒါငရဲပြည်မဟုတ်ပါဘူး၊ ဒါ လမ်းခုလတ်ပဲရှိသေးတယ်၊ ဒီနေရာကနေမှ မောင်ဖိုးထူး သင့်တော်မဲ့ နေရာကို သွားရမယ်”
ဟုတ်သားပဲ၊ စောနက ဟိုလူကြီးလား၊ ဘာလဲမသိ တစ်ယောက်ကတော့ စိတ်ထဲမှ ပြောလို့ရသည်ပြောထားတာပဲ။
စိတ်ထဲမှ တုန်လှုပ်စွာဖြင့်မေးလိုက်သည်။
“ဒါ … ဒါ … ဘယ်နေရာလဲခင်ဗျာ”
အသံရှင်မှ
“မောင်ဖိုးထူး အင်းလေ လူစိတ်မှ မပျောက်သေးတာကိုး၊ မောင်ဖိုးထူး မျက်လုံးကနေ မကြည့်နဲ့၊ စိတ်ထဲက အာရုံစိုက်ပြီး ကြည့်ပါ၊ ခုစကားပြောသလိုပေါ့”
စိတ်ထဲက ဘယ်လိုကြည့်ရမှာလဲ၊ ဖိုးထူး ခေါင်းနဲနဲခြောက်သွားသည်။ အော် သိပြီ။ ဟိုရွာမှာတုန်းက သူ တရားတစ်ခါ အမေနဲ့လိုက်ပြီး နာဖူးသည်။ အဲတုန်းက ဆရာတော်က၊ နှာသီးဖျားမှာ ၀င်လေ၊ ထွက်လေရှုခိုင်းပြီး အာရုံစိုက်မှတ်ခိုင်းဖူးသည်။ သူ လုပ်ကြည့်ဖူးသည်။ ဒါပေမဲ့ အဲတုန်းက ဘာမှမထူးခြားလာခဲ့။ ခုဒီအတိုင်း လုပ်ကြည့်လျှင် ရမည်ဖြစ်သည်။
စိတ်ကို အနည်းငယ်လျှော့လိုက်ပြီး သူ အာရုံစိုက်လိုက်သည်။
“ဟာ”
စိတ်ထဲမှ အာမေဋိတ် လွှတ်ကနဲ ထွက်သွားသည်။
စောစောက ၀ိုးတ၀ါးနှင့် ဖြစ်နေသော ပတ်ဝန်းကျင်က နေရောင်ဖြင့်ထိသော မြူများလို လွင့်သွားပြီး ဘေးဘီကို ရှင်းလင်းစွာ မြင်လာရသည်။ အမတန်ကျယ်ဝန်းသော၊ ရှင်းလင်းပြီး လင်းခြင်းသော အခန်းကျယ်ကြီးထဲ ရောက်နေသည်ပဲ၊ သူ့အရှေ့တွင် စားပွဲခုံလို၊ အဖြူရောင်ခုံတစ်ရှိသည်။ အနောက်တွင် အမတန်ကြည်လင်သောမျက်နှာဖြင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ထိုင်နေတာ တွေ့ရသည်။
ဘေးဘီဝဲယာတွင်လည်း အဖြူရောင် အထက်အောက်ဆင်တူများဖြင့်၊ လူများငြိမ်သက်စွာ ရပ်နေတာ တွေ့လိုက်ရသည်။
သူ့အရှေ့မှ လူက သူ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး၊ နှုတ်ခမ်းမလှုပ်ပဲ
“မောင်ဖိုးထူး၊ လူ့ဘ၀တုန်းက အမေအိုကြီးကို လုပ်ကိုင်ကျွေးမွေးပြုစုခဲ့တယ်၊ ဒါပေမဲ့ သူရာရည်တို့ဘာတို့လည်း၊ အပေါင်းသင်းတွေနဲ့၊ ရံဖန်ရံခါ သောက်တတ်တယ်။ အင်း နှမြောစရာကောင်းလိုက်တာ၊ မဟုတ်ရင် ဒီထက်အဆင့်မြင့်တဲ့နေရာ သွားရမှာ”
ဆက်ပြီး
“မောင်ဖိုးထူး ခုသွားရမဲ့နေရာက၊ (……)ဘုံပဲ၊ လူလိုပြောရင်တော့ အဲဒီတိုင်းပြည်နယ်ပေါ့၊ ကဲ … အဲဒီက ဘယ်သူရှိလဲဟေ့ ခုလာခေါ်ပြီးသွားလိုက်တော့”
အသံရှင်၏ စကားဆုံးသည်နှင့် ဘယ်ဘက်အခြမ်းမှ အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက် ထွက်လာပြီး
“ကျနော် က၀ိ ရှိပါတယ်၊ ကျနော် တာဝန်ယူရမှာပါ”
အသံရှင်က လှမ်းကြည့်လိုက်ပြီး
“ဟုတ်ပြီ … က၀ိ သူ့ကို မင်းတို့ဘုံကို ခေါ်သွားတော့၊ လိုအပ်တာတွေကို သင်ပေး၊ သွန်သင်ပြသဖို့ တာဝန်ယူလိုက်ပါ”
အသံရှင်မှ ဆက်၍
“မောင်ဖိုးထူးလည်း ယခုအချိန်မှ စပြီး မောင်ဖိုးထူး နာမည်ကို (မာနစ်လိ) ဟု ခေါ်တွင်စေ၊ မိမိနှင့်ထိုက်သင့်သော၊ အရာများအားလုံးရရှိစေ”
ထိုနောက် အသံရှင် နောက်အရာအားလုံး ဖိုးထူး ကြည့်နေစဉ် တဖြေးဖြေး မှုန်ဝါးပျောက်ကွယ် သွားလေတော့သည်။
ဖိုးထူး ကြောင်ပြီး ကြည့်နေစဉ်၊ ခုနက က၀ိဟုခေါ်သော သူမှ
“ကဲ မာနှစ်လိရေ သွားရအောင်” ဟု ပြောလာရာ
“ဗျာ ဘယ် … ဘယ်ကိုလဲဟင်၊ ဘယ်သွားမှာလဲဗျာ”
“ငါတို့နေရာကို လူပြည်မှာတော့ ခေါ်တာတစ်မျိုး ရှိတာပေါ့ကွာ၊ ဒါပေမဲ့ ငါကတော့ ဟဲဟဲ မင်း၊ ဟိုရောက်တော့ သိမှာပေါ့ကွာ၊ ငါတို့ တွေ ခုဒီကနေ ဘ၀ခြားတံတားကို ဖြတ်ရမယ်၊ နောက် လာပါကွာ၊ မင်းသိရမှာပါ။ မင်းပျော်သွားမှာပါ…မာနှစ်လိလို့ ခေါ်တဲ့ ဖိုးထူးရယ် ဟဲဟဲ”
ပြောပြောဆိုဆိုနှင့် သူ့လက်ကို ဆွဲပြီး ခေါင်းကို မော့လိုက်သည်။ သူတို့ကိုယ်ခန္ဓာတွေ လွင့်ကနဲ အပေါ်သို့ မြောက်ပါသွားတော့သည်။ အော်…ဆရာတော်ဟောသလိုပါလား။ သံသရာက မကျွတ်သေးသမျှတော့ ကဲလေ ဘုံဘ၀တော့မှာဖြင့်။
မိမိနှစ်သက်ရာ ရွေးချယ် ကြည့်ရှုနိုင်ပါသည်... မိမိတင်လိုသည်များကိုလည်း royalbigcat2013@googlemail.com သို့ ပေးပို့နိုင်ပါသည်.. .comment ရေးသွားချင်လျင် no comment သို့မဟုတ် comment ကို ကလစ်ပါ.. Blogger ကြောင်ကြီး
